International News

COVID-19 ကြောင့်ထိခိုက်ရသည့် ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများပြန်လည် ထူထောင်နိုင်ရေးအတွက် စတုတ္ထအကြိမ်မြောက် ဖြည့်စွက်ရန်ပုံငွေကို သမ္မတမွန်ဂျေအင်းက ထပ်မံ ခွင့်ပြုချထားပေးမှု

Last Updated:

COVID-19 ကပ်ဘေးသက်ရောက်မှုကြောင့် ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးကျဆင်းမှုကို ပြန်လည်တိုးတက်နိုင်စေရေးအတွက် ကိုရီးယားဝမ် (၇.၈) ထရီလီယံ (အမေရိကန် ဒေါ်လာ ၆.၅၇ ဘီလီယံ) ကို ၂၀၂၀ ပြည့်နှစ်အတွက် စတုတ္ထအကြိမ်မြောက် ဖြည့်စွက်ရန်ပုံငွေအဖြစ် ထပ်မံခွင့်ပြု ချထားပေးရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက (၁၀-၉-၂၀၂၀) ရက်နေ့တွင် အိမ်ပြာတော်၌ ကျင်းပပြုလုပ်ခဲ့သည့် (၈)ကြိမ်မြောက် အရေးပေါ်စီးပွားရေးကောင်စီအစည်းအဝေး(8th Emergency Economic Council Meeting) ၌ ထုတ်ဖော်ပြောကြားခဲ့ပါသည်။

အစိုးရဆိုသည်မှာ တိုင်းသူပြည်သားများ၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်သည့်အားလျော်စွာ ကြီးလေးသော တာဝန်များနှင့်အတူ ပိုမိုကောင်းမွန်သည့် အစီအမံများကိုလည်းဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယခုစတုတ္ထအကြိမ်မြောက် ဖြည့်စွက်ရန်ပုံငွေ သည် COVID-19 ကာလတွင် ငွေကြေးထိခိုက်မှုအများဆုံးခံစားခဲ့ရသော စီးပွားရေးကဏ္ဍများနှင့်လုပ်ငန်းရှင်များ အထူးသဖြင့် အသေးစား လုပ်ငန်းရှင်များ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများ၊ တစ်ကိုယ်တော်သီးသန့်လုပ်ငန်းများလုပ်ကိုင်သူ Freelancer များအတွက် အံဝင်ဂွင်ကျဖြစ်စေ မည့် ထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည်ဟု သမ္မတမွန်ဂျေအင်းက ပြောကြားခဲ့ပါသည်။

ယခုထောက်ပံ့မည့် ဖြည့်စွက်ရန်ပုံငွေအစီအစဉ်၏ တစ်ဝက်တန်ဖိုးပမာဏရှိသော ကိုရီးယားဝမ် (၃.၈) ထရီလီယံကို ဦးစွာ ပြည်သူဦးရေ (၃.၇၇) သန်းအတွက် အကျိုးပြုထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ အဆိုပါပမာဏတွင် ကိုရီးယားဝမ်(၃.၂)ထရီလီယံသည် အသေးစား စီးပွားရေး လုပ်ငန်း များနှင့် ကိုယ်ပိုင်လုပ်ငန်းငယ်လုပ်ကိုင်သူများကို ထောက်ပံ့သွားမည်ဖြစ်ပြီး၊ တစ်ဦးလျှင် ကိုရီးယားဝမ်ငွေ(၂)သန်းအထိ ငွေသားဖြင့် လက်ခံ ရရှိမည်ဖြစ်ကြောင်း၊ Freelancer များ၏ အလုပ်အကိုင်အခွင့်အလမ်းများကို ကာကွယ်ပေးနိုင်ရန်အတွက် ကိုရီးယားဝမ် (၁.၄)ထရီလီယံ သုံးစွဲရန် လျာထားကြောင်း၊ အစိုးရအနေဖြင့် ပြည်သူများ၏ ဘဏ္ဍာရေးဆိုင်ရာလိုအပ်ချက်များကို တတ်နိုင် သရွေ့ ဖြည့်ဆည်းပေးမည်ဖြစ်ရာ အထောက် အပံ့လိုအပ်လျက်ရှိသူ (၈၈၀,၀၀၀) ဦးတို့သည်လည်း ဤအစီအစဉ်တွင် အကျုံးဝင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ကလေးစောင့်ရှောက်မှုဆိုင်ရာ ခွင့်ရက်ကာလကိုလည်း တိုးမြှင့်ပေးသွားမည်ဖြစ်ပြီး ကလေးစောင့်ရှောက်ရေးရန်ပုံငွေရရှိသင့်သည့် အိမ်ထောင်စုအရေအတွက်ကိုလည်း တိုးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထို့ပြင် အစိုးရနှင့် အာဏာရ ကိုရီးယားဒီမိုကရက်တစ်ပါတီ (Democratic Party of Korea–DPK) တို့သည် အသက် (၁၃) နှစ်အထက် ကိုရီးယား လူမျိုးပြည်သူအားလုံးတို့အား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအတွက် တယ်လီဖုန်းဆက်သွယ်စရိတ် ကိုရီးယားဝမ် (၂၀၀၀၀) ကို ထောက်ပံ့ပေး သွားရန် (၉-၉-၂၀၂၀) ရက်နေ့တွင်ကျင်းပခဲ့သည့်အစည်းအဝေး၌ သဘောတူညီခဲ့ကြပြီးဖြစ်ကြောင်း၊ COVID-19 ဆိုင်ရာအခြေအနေအရ အစိုးရ၏ တင်းကျပ်သည့် Social Distancing ဆိုင်ရာကန့်သတ်မှု မူဝါဒများကို လိုက်နာရာတွင်ပြည်သူများ အထီးကျန်ခံစားရခြင်းမျိုးမဖြစ်စေရေးနှင့် လိုအပ်သည့် ဆက်သွယ်မှုများဆောင်ရွက်နိုင်စေရန် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းသိရှိရပါသည်။

သို့ရာတွင် အတိုက်အခံပါတီများကမူ အစိုးရမှ အဆိုပါ တယ်လီဖုန်းဘီလ် ကိုရီးယားဝမ် (၂၀၀၀၀) ထောက်ပံ့ပေးမည့်ကိစ္စသည် တိုင်းပြည်၏ ဘဏ္ဍာရေးတည်ငြိမ်မှုကို ပြည်သူများ၏ စိုးရိမ်မှုများမြင့်တက်နေချိန်တွင် လူကြိုက်များထင်ပေါ်လို၍ ဆောင်ရွက်ခြင်းသာဖြစ်ပြီး၊ ဤငွေများသည် စျေးကွက်အတွင်းသို့ ရောက်ရှိမည်မဟုတ်ဘဲ တယ်လီကွန်းကုမ္ပဏီများဆီကိုသာ ရောက်ရှိသွားမည်ဖြစ်ကြောင်း၊ ဤသို့ထောက်ပံ့ပေးမှုသည် စီးပွားရေးနာလန်ထူမှုအပေါ် သိသာသည့် အကျိုးသက်ရောက်မှုဖြစ်စေမည်မဟုတ်ဟု ဝေဖန်ခဲ့ကြကြောင်းသိရှိရပြီး၊ အစိုးရအနေဖြင့် နိုင်ငံနှင့် ပြည်သူများအတွက် တိုးတက်အောင်ဆောင်ရွက်နေခြင်းသာဖြစ်၍ ဝေဖန်မှုများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း တာဝန်ရှိသူများ၏ ထုတ်ဖော်ပြောကြားချက်များအရ သိရှိရပါသည်။


(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Source: The Korea Times

Category: International News